top of page

             ကမ္ဘာပေါ်တွင် မွေးရာပါ သွေးအားနည်းရောဂါ သန်း(၂၈၀)ခန့် ရှိတဲ့အနက် ကျွန်မက တစ်ဦး အပါအဝင်ပါ။ ကျွန်မအသက်(၄)နှစ်ကတည်းက ဒီရောဂါရှိမှန်းသိခဲ့တာပါ။ အဲဒီအချိန်ကစပြီး လတိုင်း သွေးသွင်းကုသမှုခံယူခဲ့တာ အခုဆိုရင် ကျွန်မအသက်(၃၄)နှစ်ရှိပါပြီ။  သွေးယူနစ်ပေါင်း လည်း (၃၆၀) လောက်ရှိနေပါပြီ။

            ကလေးဘဝတုန်းကတော့ သွေးသွင်းခံရတာဟာ အချိန်လဲကြာ အသားလဲနာတာမို့ ပွင့်ပွင့်လင်းလင်း ပြောရရင် သွေးသွင်းခံရတဲ့နေ့တွေကိုကြောက်နေမိပါတယ်။ ဒါပေမယ့် နောက်ပိုင်း ကျွန်မအရွယ်ရောက်လာတော့ ကျွန်မနဲ့လူချင်းမရင်းနှီးပဲ စေတနာအလျောက် သွေးလှူတဲ့ သူတွေ၊ သွေးအလုံအလောက်ရဖို့ သွေးလှူဘဏ်မှာ အလုပ်လုပ်နေတဲ့သူတွေ အများကြီး ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့နောက်ပိုင်းမှာ သွေးသွင်းခံရတဲ့နေ့တွေဟာ ပိုပြီးအဓိပ္ပါယ်ရှိ လာခဲ့ပါတယ်။ ဒီလိုစိတ်ထားကောင်းသူတွေကို ကျေးဇူးတွေ တစ်လှေကြီးတင်ရတဲ့နေ့လဲ ဖြစ်ပါတယ်။

           

       

             ကျွန်မငယ်ငယ်တုန်းက ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆေးရုံတက်ရစဉ်က သွေးရဖို့၊ သွေးလှူရှင်ရှာဖို့ ကျွန်မမိဘတွေ၊ ဆွေမျိုးတွေ၊ သူတို့ရဲ့မိတ်ဆွေတွေကို အကူညီတောင်းခဲ့ရတာကို ကျွန်မမှတ်မိနေပါတယ်။ ဆေးရုံကုတင်ထက်မှာ ဝေဒနာခံစားနေရရင်း ကျွန်မမိဘတွေ သွေးလှူရှင် ရှာနေတဲ့ သတင်းတွေကို နားစွင့်နေခဲ့ရပါတယ်။ ကျွန်မရဲ့ခံစားချက်တွေကို လူတိုင်း နားလည်မယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မရဲ့ဘဝဟာ အားကုန်နေတဲ့ ဖုန်းဘက်ထရီလိုပါဘဲ တက်ကြွမှုတွေပျောက်ဆုံးနေပြီး အားအင်မရှိသလို ခံစားနေရတယ်။ အဲလိုမျိုး အမြဲတမ်း ဖြစ်နေပြီး အဆုံးမရှိတဲ့ ကြောက်ရွံ့မှုကို ခံစားနေရပါတယ်။

            ကျွန်မအရွယ်ရောက်လာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့မိဘတွေ သွေးလှူရှင်ရှာဖို့မလိုတော့တာကို သတိထားမိခဲ့ပါတယ်။ ကျွန်မအတွက် လိုအပ်တဲ့သွေးတွေကို အဆင်သင့် ထောက်ပံ့နိုင်တာကိုလည်း သဘောပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဟာ အမျိုးသားသွေးဌာန ဖြစ်လာခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ လူနာတွေအတွက် သွေးကို အမျိုးသားသွေးဌာနက တိုက်ရိုက်ထောက်ပံ့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့မိဘတွေ သွေးလှူရှင်ရှာဖွေရတဲ့ ဒုက္ခကင်းဝေးခဲ့ပြီး ကျွန်မလဲ အပူပင်ကင်းကင်းနဲ့ သွေးသွင်းကုသမှုခံယူခဲ့ရပါတယ်။

            ဒီရက်ပိုင်းမှာ အမျိုးသားသွေးဌာနက တာဝန်ရှိသူတွေနဲ့စကားပြောခွင့် ရခဲ့ပါတယ်။လတ်တလောမှာ ဌာနအတွင်း ကွန်ပြူတာနည်းပညာတွေနဲ့ ခေတ်မှီတိုးတက်အောင် ကြိုးစားနေကြတာကို သိရှိခဲ့ရသလို ကျွန်မဘဝရဲ့ အရေးပါတဲ့ အပြောင်းအလဲ လဲဖြစ်ခဲ့ပါတယ်။ ကျွန်မမှာ ကျွန်မလိုဘဲ မွေးရာပါသွေးအားနည်းရောဂါ ခံစားနေရတဲ့ အစ်ကိုတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အသက်(၃၀) မတိုင်ခင်မှာဘဲ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ကွန်ပြူတာပညာထူးချွန် ပြီး ဝါသနာကြီးလွန်းသူ တစ်ဦးလည်းဖြစ်ပါတယ်။ ကွန်ပြူတာနည်းပညာဟာ တစ်နေ့မှာ ကျွန်မတို့တွေရဲ့ဘဝကို တိုးတက်ပြောင်းလဲလာမယ်လို့လဲ အမြဲပြောလေ့ရှိပါတယ်။ ခုနေကျွန်မအစ်ကိုသာ ရှိနေခဲ့သေးရင် "ကြည့်လေ.... ငါပြောခဲ့သားပဲ အခုငါဆိုလိုတဲ့အဓိပ္ပါယ်ကို နင်နားလည်ပြီလား"     လို့ဂုဏ်ယူစွာပြောကြားနေမှာ မြင်ယောင်မိပါတယ်။

           

Anchor 1

       

           အခုဆိုရင် ကျွန်မဟာ ဗြိတိသျှကောင်စီက ကျင်းပတဲ့ စာမေးပွဲတွေမှာ အချိန်ပိုင်းတာဝန်ယူရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်အလုပ်လုပ်နေပါတယ်။ ကျွန်မတာဝန်ယူရတဲ့အချိန်တွေမှာ မျှော်လင့်ချက်တွေပြည့်နေတဲ့ လူငယ်တွေနဲ့ တွေ့ဆုံစကားပြောရတာ၊ သူတို့လိုအပ်တာလေးတွေကို ကူညီပေးရတာကို အရမ်းပျော်ရွင်မိပါတယ်။ သူတို့လေးတွေကို တွေ့တိုင်းဆုံးပါသွားတဲ့ကျွန်မအစ်ကိုမျက်နှာ ကိုမြင်ယောင်မိပါတယ်။ သူတို့တွေဟာ အသစ်သစ်သော ပညာရပ်တွေကိုသင်ယူပြီး တိုင်းပြည်တိုးတက်အောင်အဘက်ဘက်မှ ဖော်ဆောင်နေကြပါတယ်။ ကျွန်မအစ်ကိုပြောခဲ့သလို ကောင်းမွန်တဲ့ အနာဂါတ်တွေရောက်လာတော့မှာပါ။ ကျွန်မတို့မျိုးဆက်တွေ မကြုံဆုံနိုင်ပေမယ့် နောက်မျိုးဆက်သစ်တွေ ဒီကောင်းမွန်တဲ့ အသီးအပွင့်တွေကို ခံစားရမှာပါ။ သူတို့လေးတွေကို ကူညီရင်းနဲ့ အနာဂါတ်နိုင်ငံတော် တိုးတက်ဖို့လုပ်ဆောင်ရာမှာ ကျွန်မလုပ်ပေးနိုင်တာလေးနဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရလို့ ပျော်ရွင်မိပါတယ်။ 

            ကျွန်မအခုလို ကူညီနိုင်အောင် အခွင်းအရေးပေးခဲ့တဲ့ ဗြိတိသျှကောင်စီနဲ့ ကျွန်မကို အပြည့်အဝနားလည်ကူညီပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ပြောချင်ပါတယ်။ ကျွန်မနဲ့လူချင်းလုံးဝ မရင်းနှီးပေမယ့် ကျွန်မနဲ့ကျွန်မလိုပဲ ရောဂါဝေဒနာခံစားနေရတဲ့သူတွေရဲ့ ဘဝကို ကူညီပေးနေတဲ့ စေတနာသွေးလှူ ရှင်အပေါင်းကို ကျွန်မရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်လို့ပြောပါရစေရှင်.......

ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် သင်၏အချိန်ကိုသက်သာစေနိုင်ပါသည်။

ကြိုတင်စာရင်းပေးလှူဒါန်းခြင်းအားဖြင့် စောင့်ဆိုင်းရန်မလိုဘဲ လွယ်ကူအဆင်ပြေစေ ပါသည်။

Anchor 2

အမျိုးသားသွေးဌာန

    NATIONAL BLOOD CENTER MYANMAR

bottom of page